၂၀၂၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား
ပုသိမ် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအဆင့်မြင့်ရေကူးကန်(ပုသိမ်)တွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ ရေကူးပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဧရာဝတီတိုင်းဒေသကြီးမှ လူငယ်များရေကူး အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေး ထူးချွန်ထက်မြက်သည့် ရေကူးမျိုးဆက်သစ် လူငယ်များ ထူးချွန်ပေါ်ထွက်လာစေရေးအတွက်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များအနေဖြင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် မြို့နယ် အောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစအရည်အသွေးများကိုအစွမ်းကုန် ဖော်ထုတ် ပြသပြီး အားကစား စိတ်ဓာတ် အပြည့်အဝဖြင့်အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်သွားကြရန်နှင့် ယခုပြိုင်ပွဲကတဆင့် တိုင်းဒေသကြီးလက်ရွေးစင်အသင်းကို အင်အားဖြည့်အထောက်အကူ ပြုနိုင်မည့် တိုင်းဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန်” ပြောကြားပြီး ၂ဝ၂၆ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင် အသင်းများက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများနှင့် ရေကူးအားကစားနည်း ဒိုင်ဗင်ထိုးသရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ အမျိုးသမီး/ အမျိုးသား မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသမီး/ အမျိုးသား မီတာ(၅၀) ပက်လက်ကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများကို ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့ကလည်းကောင်းဆုများချီးမြှင့်ခဲ့ပြီးနောက် အမျိုးသမီး/ အမျိုးသား မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် သူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် မြောင်းမြမြို့နယ်အား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။