ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့်တွေ့ဆုံ
ပုသိမ် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ ကြိတ်ခွဲမှု ကဏ္ဍ၊ ကုန်သွယ်မှု ကဏ္ဍ၊ ပြည်တွင်းစားသုံးမှု၊ ပြည်ပသို့တင်ပို့မှု၊ မြန်မာဆန်စပါးအွန်လိုင်း MyRo မှတ်ပုံတင်ခြင်း လုပ်ငန်း၊ Rice Export Zone နှင့် Contract Farming လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI)ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်း တာဝန်ရှိသူများက တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး၊ ဆန်စပါးဈေးနှုန်းများ သင့်တင့်သောဈေးနှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများ အချိန်မီရရှိရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီး ဖြစ်သောကြောင့် လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများ တောင်သူများလက်ဝယ်သို့ အချိန်မီရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ပြည်တွင်းဈေးကွက်နှင့် ပြည်ပသို့ Export ဈေးကွက်များရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုး ရေးကဏ္ဍပိုမိုတိုးတက်မြင့်မားပြီး စိုက်ပျိုးရေးလုပ်ငန်းများကို တောင်သူကြီးများ စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။