မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုပြင်ဆင်ရန် အသိပေးနှိုးဆော်ချက်
လေးစားရပါသောမိဘပြည်သူများခင်ဗျာ
လက်ရှိကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည့် အခြေအနေများကြောင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုပြင်ဆင်ထားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(၁) ကြိုတင်ပြင်ဆင်ရန်အရေးကြီးအချက်များ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများ- မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ရေလုံသော အိတ်များဖြင့် သေချာစွာထုပ်ပိုးပြီး ရွှေ့ပြောင်းရလွယ်ကူသည့်နေရာတွင် အသင့်ထားရှိပါ။ ရိက္ခာနှင့်ဆေးဝါး အလွယ်တကူစားသုံးနိုင်သော ရိက္ခာများ၊ သောက်ရေသန့်နှင့် အရေးပေါ်ရှေးဦးသူနာပြုဆေးဝါးများကို (အနည်းဆုံး ၃ ရက်စာ) စုဆောင်း ထားပါ။ အရေးပေါ်မီးလင်းရေး လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် ဖုန်း Power Bank များကို အားပြည့်အောင် သွင်းထားပြီး အသင့်ဆောင်ထားပါ။
(၂) အိမ်ထောင်စုအလိုက်ဆောင်ရွက်ရန်များ မိမိတို့အိမ်ရှိ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ရေဘေးလွတ်ကင်းရာ အမြင့်ပိုင်း သို့မဟုတ် နီးစပ်ရာရေဘေးခိုလှုံရာစခန်းများသို့ ကြိုတင်ရွှေ့ပြောင်း နေရာချထားပါ။ အိမ်မွေးတိရစ္ဆာန်များနှင့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း ရေလွတ်ရာ သို့ ကြိုတင်ရွှေ့ပြောင်းပါ။ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရေဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းရှိ လျှပ်စစ်မိန်းခလုတ်များနှင့် ပလပ်ပေါက်များကို ကြိုတင်ဖြတ်တောက်ထားပါ။
(၃) သတိပြုလိုက်နာရန်ဆောင်ရန်/ရှောင်ရန်များ
ရေစီးသန်နေချိန်တွင် မြစ်ရေထဲဆင်းခြင်း၊ ရေကူးခြင်းနှင့် လှေစီးခြင်းများကို အထူးရှောင်ကြဉ်ပါ။ ကလေးငယ်များကို ရေအနီးအနားသို့ လုံးဝ (လုံးဝ) သွားလာခွင့်မပြုပါနှင့်။ ရေဘေးကာလတွင် အဆိပ်ရှိသတ္တဝါများ (မြွေ၊ ကင်းမြီးကောက်) ရေလွတ်ရာသို့ တက်လာတတ်သဖြင့် သတိပြုနေထိုင်ကြပါ။ ရေကြီးနေစဉ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန် သောက်ရေကို ကျိုချက်သောက်သုံးခြင်း သို့မဟုတ် ရေသန့်စင်ဆေးပြားခတ်၍ သောက်သုံးပါ။
(၄) သတင်းနားထောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော ရေကင်းသတင်းများနှင့် အရေးပေါ်ကြေညာချက်များကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် စဉ်ဆက်မပြတ် နားစွင့်ထားကြပါရန်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းများ၏ လမ်းညွှန်ချက်များ၊ ရွှေ့ပြောင်းရန် နှိုးဆော်ချက်များကို လေးစားလိုက်နာပြီး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။