ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်

ပုသိမ်      မေ        ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သည့်  ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော စာအောင်အရှင်သူမြတ်များ၊  သာသနာ့နွယ်ဝင် သီလရှင်တို့အား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး  ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍  နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ  ဧည့်ပရိသတ်များက ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့ သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် သာသနဓဇ ဓမ္မာစရိယ၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းအောင်မြင်ခဲ့သည့် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကလည်းကောင်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း အောင်မြင်ခဲ့ကြသည့် သီလရှင် ဆရာလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးကလည်းကောင်း စာအောင်ဆုနှင့် အောင်လက်မှတ်များအသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက အနုမောဒနာတရားတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

27-May-2026