ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေးဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
ပုသိမ် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ စက်ရုံမှူးက ဝန်ထမ်းခန့်ထားမှုအခြေအနေများ၊ စက်ရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ ထုတ်လုပ်နိုင်မှုစွမ်းရည်နှင့် အသုံးပြုသည့်ကုန်ကြမ်း၊ အမိုးနီးယားနှင့် ယူရီးယား ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးစစ်ဆေးမှုအခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုအခြေအနေများနှင့် ဖြန်ဖြူးမှုအခြေအနေများ၊ စက်ရုံလည်ပတ်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ပြုပြင်မည့်အခြေအနေများ၊ ဝန်ထမ်းများအား သင်တန်းများပို့ချပေးမှုနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးမှုအခြေအနေများ၊ ကျောင်းသား ကျောင်းသူများမှ စက်ရုံသို့ ကွင်းဆင်းလေ့လာရေးလာရောက်မှုမှတ်တမ်းများနှင့် ဝန်ထမ်း သက်သာချောင်ချိရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ကန်ကြီးထောင့်အမှတ်(၅) ဓာတ်မြေဩဇာ စက်ရုံသည် တောင်သူများအတွက်မရှိမဖြစ်လိုအပ်သည့် စက်ရုံဖြစ်ပါကြောင်းနှင့် စက်ရုံလည်ပတ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေအားသိရှိလို၍ လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ဓာတ်မြေဩဇာရရှိရေးအတွက်လည်း ပြည်ပမှမှာယူတင်သွင်းနေရပါကြောင်းနှင့် ပြည်တွင်းတွင် ဓာတ်မြေဩဇာများပိုမိုထုတ်လုပ်နိုင်ပါက ပြည်ပမှ မှာယူတင်သွင်းမှုကိုလျော့ချနိုင်မည် ဖြစ်ပြီး သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာလျော့ချ သုံးစွဲနိုင်ရေးအတွက် အီးအမ်ဘိုကာရှီ သဘာဝဓာတ်မြေဩဇာနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များထည့်သွင်းသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံပြုပြင်ပြီးစီး၍ ပြန်လည်လည်ပတ်ရာတွင်လည်း စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ရန်နှင့် စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဝန်ထမ်းများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရန်” ပြောကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် CENTRAL CONTROL ROOM၊ COMPRESSOR HOUSE နှင့် သိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံ တက်ရောက်ကုသနေသည့် စန္ဒာရုံကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးမှုအခြေအနေများလျှောက်ထားပြီး နဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။