ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရိပ်သာတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်မိသားစု၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တော်ရာဘိုးဘွားရိပ်သာမှ ဘိုးဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုပြုလုပ်ရာ စက်တော်ရာဘိုးဘွားရိပ်သာ အဘိုးဆောင်မျက်နှာကြက်ပြုပြင်ရန် လှူဒါန်းငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ အလှူရှင်က ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်ဇနီး၊ အလှူရှင်မိသားစုက မျက်နှာကြက် ပြုပြင်ရန်အလှူငွေများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအတွက် အလှူငွေများ၊ အဘိုးဘွားများအတွက်အလှူငွေများပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ အာဟာရနှင့် အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများကလက်ခံခဲ့ကြပြီး ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

25-Apr-2026