တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲနှင့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၁၇

၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားမှူးက ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်သုံးဆင့်ရေပြင်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းနှင့် ရွှေဝါငါးကြင်း ကောင်ရေတစ်သိန်း တို့ကို ဘေးမဲ့လွှတ်ကာကုသိုလ်ပြုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တော်ကြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၈ခုနှစ်၊ မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မြန်မာနိုင်ငံတွင် နှစ်လိုဖွယ်၊ ကြည်နူးဖွယ် အခါသမယ များစွာရှိသည့်အနက်မှ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ကိုကူးပြောင်းသည့်“သင်္ကန္တ” ကူးပြောင်းခြင်း အနက်ကိုဖော်ဆောင်သည့် သင်္ကြန်အချိန်သည် မြန်မာလူမျိုးတို့အတွက် ကုသိုလ်ကောင်းမှုပြုရာအချိန်ဖြစ်သကဲ့သို့ ဟောင်းရာမှ သစ်ရာသို့ ကူးပြောင်းခြင်းဖြင့် အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်သော မင်္ဂလာအချိန်ဖြစ်ပါကြောင်း၊ မြန်မာလူမျိုးအပေါင်းတို့သည် ရှေးဘိုးဘွားတို့၏ လောကီအယူဝါဒများဆိုဆုံးမစကားများကို သတိပြုဆင်ခြင်၍ နှစ်သစ်ကို မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေခြင်းအလို့ငှာ နှစ်တစ်နှစ်၏အစ နှစ်ဆန်း တစ်ရက်နေ့ရောက်တိုင်း မင်္ဂလာရှိသောအပြုအမူများပြုမူခြင်း၊ ကုသိုလ်ကောင်းမှုများပြုခြင်း၊ ကျွဲ၊ နွား၊ ငါး၊ ငှက်များအား ဘေးမဲ့လွှတ်ခြင်း ဇိဝိတဒါန အလှူပြုခြင်းများကို ဆောင်ရွက်လေ့ရှိကြ ပါကြောင်း၊ မြန်မာတို့၏ စိတ်ကြည်နူးဖွယ် ရိုးရာသင်္ကြန်ပွဲတော်၏ အထိမ်းအမှတ်အဖြစ် နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ယူဆောင်ခြင်းမပြုပဲ ဆေးကြောသန့်စင်ခြင်းအဖြစ် တစ်ဦးနှင့်တစ်ဦး ရေစင်ပက်ဖြန်း ခြင်းကို ဆောင်ရွက်ကြသကဲ့သို့ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ စတုဒီသာအလှူအတန်းပြုလုပ်ခြင်းများနှင့်အတူ နှစ်ဆန်း(၁)ရက်နေ့ရောက်တိုင်း ပူဇာစပူဇ နေယျာနံ မင်္ဂလာနှင့်အညီ ရပ်ရွာများအတွင်းရှိ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များနှင့် ပြည့်စုံ သည့် သက်ကြီးဝါကြီး ပုဂ္ဂိုလ်များအား ပူဇော်ကန်တော့ခြင်းများကို ဆောင်ရွက်လေ့ရှိခြင်းသည် ဂုဏ်ယူဖွယ်ကောင်းသည့် အလေ့အထတစ်ခုဖြစ်ပါကြောင်း၊ မဟာသင်္ကြန်မင်္ဂလာနှစ်ဦးအခါတွင် ရတနာသုံးပါးနှင့် ဘိုးဘွားများအား ပူဇော်ကန်တော့ကြသော သူတော်ကောင်းအပေါင်းတို့အနေဖြင့် ရောဂါကပ်ဘေး ကင်းဝေးပပျောက်လျက် လူနတ်နိဗ္ဗာန်သုံးတန်သုခအလိုရှိသမျှ အကျိုးတိုးပွား စုံလင်ပြီး နှစ်ဟောင်းက အကုသိုလ်ကံကြွင်းကံစဟူသမျှတို့ ကင်းစင်ပပျောက်လျက် နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့အကျိုး၊ မိမိတို့တိုင်းဒေသကြီး အကျိုး၊ နိုင်ငံအကျိုးတို့ကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါ စေကြောင်း” ဆုတောင်းဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ အဘိုး၊ အဘွားတစ်ဦးချင်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီး များက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများကိုယ်စားအဘွားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့ကာ သက်ကြီးပူဇော်ပွဲ အခမ်းအနားအား “ သာဓု”သုံးကြိမ်ခေါ်ဆို ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် အဘိုး၊ အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ခြေသည်း၊ လက်သည်းဖြတ် (ညှပ်) ပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

17-Apr-2026