တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဧပြီ ၁၇

တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်တွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အငယ်တန်းနှင့် အကြီးတန်းယိမ်းပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များနှင့် အထူးဆုရရှိသည့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် မူလတန်းအုပ်စု(၃)ယိမ်းအဖွဲ့အား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ယိမ်းအဖွဲ့အားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက လည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မူလတန်းအုပ်စု(၄) ယိမ်းအဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်တက္ကသိုလ်ယိမ်းအဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် သင်္ကြန်မယ်ဆုရရှိသည့် မူလတန်းအုပ်စု(၁)မှ သင်္ကြန်မယ်အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မူလတန်းအုပ်စု(၁)ယိမ်းအဖွဲ့အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် သင်္ကြန်မယ်ဆုရရှိသည့် ပုသိမ်လေတပ်စခန်းဌာနချုပ် ကိုယ်စားပြု (ရွှေတောင်ပံသမီးပျိုများ) ယိမ်းအဖွဲ့မှ သင်္ကြန်မယ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင်ပထမဆုရရှိသည့်စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားပြု(လင်းလက်မေ)ယိမ်းအဖွဲ့အားတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များ၊ ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြု ဆုငွေများ ဆက်လက်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲတွင် ပထမဆုရရှိသောယိမ်းအဖွဲ့များနှင့်ဆုရရှိသောသင်္ကြန်မယ်များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်ဆုမွန်ကောင်းတောင်း၍ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေငြာပေးပြီး ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို"သီချင်းဖြင့် စုပေါင်းကပြ ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည် တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။

17-Apr-2026