၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ရေကစားသူများ ရေပက်ခံထွက်သူများနှင့် စည်ကားလျက်ရှိပြီး မဏ္ဍပ်များနှင့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
ပုသိမ် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက် ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်တောင်တိုင်းဌာနချုပ် သင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် နဒီဧရာ တေးဂီတအဖွဲ့တို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၏ စတုဒီသာ မဏ္ဍပ်အသီးသီးတို့တွင် စတုဒီသာ ကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေး ခဲ့ပါသည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်လေတပ်စခန်း ဌာနချုပ် သင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။
၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များ အပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပ လျက်ရှိပါသည်။ ထို့အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့၊ နိုင်ငံကျော်တေးသံရှင် များက ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒီသာများဖြင့်နေ့စဉ် ကျွေးမွေးဧည့်ခံလျက်ရှိကြောင်းသိရသည်။