တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သော တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတက်ရောက်

ပုသိမ် မတ် ၁၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းရင်းသားရေးရာကိစ္စ ရပ်များတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းနေထိုင် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ အစဉ်အလာမပျက် ကျင်းပနိုင်စေရန် နှစ်စဉ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဦးစီးဌာနတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ ချင်း TA/LTဆရာ၊ ဆရာမများကို ခန့်ထားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးအတွက် အထောက် အကူပြုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများအနေနဲ့ တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို ရေရှည် တည်တံ့အောင် ဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း ” ပြောကြားပြီး မြန်မာ-အင်္ဂလိပ်-စကော ကရင်-အနောက်ပိုးကရင် (၄)ဘာသာ ဝေါဟာရစာအုပ်ပေးအပ်ခဲ့ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

19-Mar-2026