၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပင့်ဆောင်
ပုသိမ် မတ် ၁၃
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော် မူလာကြသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နောက်ပါ သံဃာတော်များနှင့် ပြည်သူများအား မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော် မြတ်ကြီးသို့ ဘုရားဖူးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ယမန်နေ့ညနေပိုင်းတွင် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ပို့ဆောင်ကြည်ညိုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူး ကြွရောက်မည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နောက်ပါ သံဃာတော်များနှင့် ပြည်သူများအား ပုသိမ်မြို့၊ မြေနုတံတားသင်္ဘောဆိပ်သို့ လိုက်ပါပို့ဆောင် ကြည်ညိုခဲ့ပြီး တာဝန်ရှိသူများအား သံဃာတော်များလမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး၊ ဆွမ်းနှင့်ဝေယျာဝစ္စကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေး၊ ဆရာတော်ကြီးများ စေတီတော်မြတ်ကြီးကို စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများနိုင်စေရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။