ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၁၁.၂၀၁၈)ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသော ဆိုင်ခန်းများအား လှည့်ည်ကြည့်ရှု့ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair 2018 အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြာရာ ယခုလို Ayeyarwady Region Investment Fair 2018 ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ Japan International Cooperation Agency၊ JETRO နှင့် Myanmar Survey Research Co.,Ltd တို့နှင့် ဆက်စပ်ပါဝင်ခဲ့သည့်ဌာနဆိုင်ရာများကိုလည်း ကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ကျင်းပသော Ayeyarwady Region Investment Fair 2018 တွင် တိုင်းအတွင်း ဆောင်ရွက်လျက်ရှိသော အကြီးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ တိုင်းအတွင်း ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းများကို ပြခန်းပေါင်း (၃၀)ကျော်ဖြင့် ကြီးကျယ်ခမ်းနားစွာ (၂)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခု Investment Fair သည် ရင်းနှီးမြှုပ်နှံမှုသာမက ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းကိုပါ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများကို ယနေ့အခမ်းအနားမှတစ်ဆင့် ဖော်ထုတ်နိုင်ရန် များစွာမျှော်လင့်မိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို (၁.၄.၂၀၁၇)ရက်နေ့မှစတင်ကျင့်သုံးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းကာ လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေပေးခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများ အခြေအနေကို ကြည့်မည်ဆိုပါက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၂.၂၅၀၄)သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၆)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၅၁၈၇၅.၀၄၇)သန်းတို့ကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း (၃၁၃၇)ခု ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ မကြာသေးခင်ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသားများ ဖက်စပ်ဆောင်ရွက်သော မအူပင်စက်မှုဇုန် စီမံကိန်းကို ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး CMP အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံများ ဆောင်ရွက်လိုတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ဆက်သွယ်မှုများ ရှိနေပြီဖြစ်ကြောင်း၊ (၁.၈.၂၀၁၈)ရက်နေ့မှစပြီး လုပ်ငန်းရှင်များအတွက် ပိုမိုလုပ်သာကိုင်သာရှိသော ကုမ္ပဏီဥပဒေသစ်ကို စတင်ကျင့်သုံးနေပြီး ၎င်းဥပဒေသစ်မှ အရေးကြီး ပြဋ္ဌာန်းချက်တစ်ခုမှာ မြန်မာနိုင်ငံသား ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား ပါဝင်မှု (၃၅)ရာနှုန်းအထိ ခွင့်ပြုပေးထားကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအားသာချက်ဖြစ်သည့် ရှည်လျားသည့် ကမ်းရိုးတန်းသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးဖွံ့ဖြိုးမှု အချက်အချာအဖြစ် ရပ်တည်နေတာ ဖြစ်ပါကြောင်း၊ တရုတ် မြန်မာစီးပွားရေးစြင်္ကံ၊ တရုတ်ပိုးလမ်းမသစ်တို့နှင့် ချိတ်ဆက်နေသည့်အတွက် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ၊ ရေနံသန့်စင်ချက်လုပ်သည့်စက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်း လုပ်ငန်းများ၊ စိုက်ပျိုးရေးကို အခြေခံသော တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုစိုက်ပျိုးရေးနှင့် အခြေခံအဆောက်အဦ ကဏ္ဍများအတွက် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း၊ ယခုလို Ayeyarwady Investment Fair ကို ကျင်းပခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် ကောင်းမွန်သော စီးပွားရေးဝန်းကျင်ကောင်း ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို အာမခံပေးထားပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်ထွန်းလာစေရေးနှင့် အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (ARIC)က တိုင်းဒေသကြီးအတွင်း အခြေခံအဆောက်အဦနှင့် စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များကို နွေးထွေးစွာ ကြိုဆိုပေးပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရိုးရှင်းလွယ်ကူစွာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများကို ဦးစားပေး ဆောင်ရွက်ပေဝးသွားမည် ဖြစ်ကြောင်း၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အကြံပြုလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက် ကမ်းရိုးတန်းဒေသကို နိုင်ငံတကာနှင့်တိုက်ရိုက်ဆက်သွယ်နိုင်မည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးဆိပ်ကမ်းမြို့ကြီးအဖြစ် ဆောင်ရွက်နိုင်ပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Costal Road လို့ခေါ်တဲ့ ကမ်းခြေပတ်လမ်းကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ဂေါရန်ဂျီဒေသအထိ ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် တွေ့ဆုံဆွေးနွေးရာမှ ထွက်ပေါ်လာသည့် Issue များ၊ ဆွေးနွေးမှုရလာဒ်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန် လိုအပ်သည်များရှိပါက Investment Fair ပြီးပါက တင်ပြနိုင်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အဆိုပါ တင်ပြချက်များကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပြီး တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Ayeyarwady Investment Fair မှ ဧရာဝတီတိုင်းဒေသကြီး၏ အလားအလာများကို ကြွရောက်လာကြတဲ့ လူကြီးမင်းများ အနေဖြင့် ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

 

03-Jan-2019