ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယခုလ (၃)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ အားကစားနည်း(၂၀)မျိုးကို သင်ကြားပေးသွားမည်ရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမနှင့် ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်) သို့ သွားရောက်၍ အားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမသို့ သွားရောက်၍ ပိုက်ကျော်ခြင်းအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်း လေ့ကျင့် သင်ကြားနေမှုများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်) သို့ သွားရောက်၍ ရေကူးအားကစားနည်း လေ့ကျင့်သင်ကြားနေမှုများကိုလည်းကောင်း ကြည့်ရှု အားပေးပြီး နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည် ဆောင်ရွက်နေသကဲ့သို့ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့် လိုက်စားနိုင်ရေးအတွက် ယခုကဲ့သို့ နွေရာသီ အားကစား သင်တန်းများကို ထပ်မံဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးမှသည် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်များဖြစ်သည် အထိ ကြိုးစားလေ့ကျင့်သင်ယူသွားကြစေလိုကြောင်း” မှာကြားခဲ့ပြီး အားဖြည့်အချိုရည်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)သို့သွားရောက်၍ ကြက်တောင်၊ ကရာတေး၊ မြန်မာ့သိုင်း အားကစားနည်းများအား လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ် သည်များမှာကြား၍ အားဖြည့်အချိုရည်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်းသိရသည်။

09-Mar-2026