ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်
ပုသိမ် မတ် ၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ တွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့မတ်လ(၈)ရက်နေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ နေထိုင် ကြသည့် အမျိုးသမီးများအားလုံးအတွက် အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်း နှင့် ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ပေးခြင်း တို့ကိုဖော်ဆောင်နိုင်ရန်ရည်ရွယ်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်မှ စပြီး “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် တရားဝင်သတ်မှတ် ပေးခဲ့တဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါကြောင်း၊ နှစ်စဉ် မတ်လ (၈)ရက်နေ့ရောက်တိုင်း ဆောင်ပုဒ်များ သတ်မှတ်ပေးကာ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနှင့်အဝန်း ကျင်းပ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ နိုင်ငံတော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် နှစ်စဉ် ကျင်းပ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ အဓိကကျသော အင်အားစုကြီးဖြစ်သည့် အမျိုးသမီးများ၏ အခွင့်အရေးနှင့်စွမ်းဆောင်နိုင်မှုတွေကို ပိုမိုအာရုံ စိုက်လာစေရန်နှင့် အလေးထား ဆောင်ရွက်နိုင်စေရန် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးဆောင်ရွက်ပေးနေမှုများကို ပြည်သူအားလုံးသိရှိနိုင်စေရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများ အားလုံးအတွက် ဆောင်ရွက်ပေး ”“ Rights. Justice. Action. For All Women and Girls" ဖြစ်ပါကြောင်း၊ တရား မျှတမှုနှင့် တန်းတူညီမျှသည့် အခွင့်အရေးများကို အမျိုးသမီးများ ညီမျှစွာ အတူတူရရှိနိုင်စေရန်၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကဏ္ဍစုံမှ အလေးထား ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ ကိုဖော်ထုတ်ပေးခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်း၊ စွမ်းဆောင်ရည်နဲ့အရည်အသွေးများကို မြှင့်တင်အသိအမှတ်ပြုပေးခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုကိုမြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် အသိပညာအခြေပြုသည့်ခေတ် ဖြစ်သဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ အသိပညာကြွယ်ဝသည့် လူသားအရင်းအမြစ် များ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများ၏ အဖိုးတန်သည့် စွမ်းရည်များကို အသုံးချနိုင်ရန် အခွင့်အရေးများ တန်းတူညီမျှမှု ရရှိရေး ဖော်ဆောင်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဖန်တီး ပေးခြင်းတို့ကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများကအားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာဗီဒီယိုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပေးပို့သော အသိပညာပေးမှတ်တမ်း ဗီဒီယို ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်(၈)ခရိုင်မှ အမျိုးသမီးရေးရာအဖွဲ့တို့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံပြခန်း၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ် တို့မှ ထွက်ရှိသော အမျိုးသမီးများ၏ လက်မှု ထုတ်ကုန်ပစ္စည်းများ၊ ပုသိမ်မြို့နှင့်ဖျာပုံမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းများ၏ လက်မှုပစ္စည်းများ၊ ကရင်အမျိူးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လက်မှု ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ္ဘာအေးကျောင်း ပရိယတ္တိစာသင်တိုက်တွင်ကျင်းပသည့် ဂုဏဝိသိဋ္ဌထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်ကာ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ကမ္ဘာအေးကျောင်းပရိယတ္တိစာသင်တိုက်၏ တိုက်အုပ် စာချကထိက ဘဒ္ဒန္တခန္တီဗလအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ခဲ့သည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြံခင်းမြို့၊ပိန္နဲကွင်းကျောင်း ပဓာနမဟာနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇောတိဿရ (ကြံခင်း)ဆရာတော် ဘုရားကြီးထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားမှတ်သားနာယူပြီး ရေစက်သွန်ချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပတ္ထနာပြု၍ ဂုဏဝိသိဋ္ဌပူဇာ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့ကြောင်းသိရသည်။