ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ တောင်ပေါ်စုကျေးရွာအခြေခံပညာအထက်တန်းကျောင်း RCC(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် မတ်လ ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ တောင်ပေါ်စုကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၅၀ ပေ × ၃၀ ပေ) RCC(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက တောင်ပေါ်စုအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးအား ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ပေါ်စုအခြေခံပညာအထက်တန်းကျောင်းတွင် Grade-12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရေး ကြိုးစားကြရန်၊ ကျန်းမာရေးကိုဂရုစိုက်နေထိုင်ကြရန် မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာ တောင်သူဦးညွန့်ဝေ၏ ရွှေခြင်္သေ့ရာဘာခြံ ဧက (၅၀) အတွင်းရှိ မြေပြန့်ကော်ဖီ(ရိုဘတ်စတာ)(TF-4) ကော်ဖီသီးနှံစိုက်ခင်း(၁၀) ဧကစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ ခြောက်သွေ့ကာလတွင် အပင်များရေရှိရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတုကိုက်ညီသည့် နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ တောင်သူဦးမိုးဝင်း၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာ စံပြစိုက်ခင်း Supersun-41နှင့် ဆင်းရွှေကြာ နေကြာမျိုးများ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု အားပေးပြီး ရိတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ ရိတ်သိမ်းဆောင်ရွက်ရန်၊ မျိုးရွေးချယ်မှုများစနစ်တကျဖြစ်စေရန်နှင့် ရိတ်သိမ်းပြီးနေကြာများအား ဆီကြိတ်ခွဲထုတ်လုပ်ရေး မှာကြားခဲ့သည်။