ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက်သုံးဆီသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ပုသိမ် မတ်လ ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စက်သုံးဆီနှင့်ပတ်သက်၍ မြေပြင်တွင်သတင်းအမှန်ရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ နေ့စဉ်ရောက်ရှိမှု၊ ကျန်ရှိမှုနှင့် ရောင်းချရာတွင် ဈေးတင်ရောင်းခြင်းမျိုးမဖြစ်ရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေးအတွက် စက်သုံးဆီများမဖြစ်မနေလိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိ‌စေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအား မိမိတို့အသုံးပြုရန်အတွက် လိုအပ်သလောက်သာ စက်သုံးဆီများကို ဝယ်ယူသုံးစွဲစေ‌ရေး၊ စက်သုံးဆီများအား မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ထားခြင်းများ မပြုလုပ်စေရေး၊ နေ့စဉ်အသုံးပြုသည့် မော်တော်ယဉ်များအနေဖြင့်လည်း သုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ခြိုးခြံဆောင်ရွက်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှု၊ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူများထံသို့ အသိပေးဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီများလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချပေးနိုင်ရေး ဆောက်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဖူဆယ်ပြိုင်ပွဲကိုကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၊ ဖူဆယ်အားကစားရုံတွင် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် Royal Star အသင်းနှင့် Danger Boy အသင်းတို့ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အားကစားပြိုင်ပွဲတစ်လျှောက် ပြိုင်ပွဲဝင်အသင်းများ အဆင်ပြေချောမွေ့စွာယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည်များမှာကြားခဲ့သည်။ အဆိုပါပြိုင်ပွဲကို မတ်လ(၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

07-Mar-2026