ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ပိတ်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၅

(၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက တောင်သူလယ်သမားနေ့အခမ်းအနား ဆွေးနွေးပွဲရလဒ်များကို စုစည်းတင်ပြခဲ့ပြီးနောက် တောင်သူလယ်သမားနေ့ပြခန်းများတွင် နှစ်သိမ့်ဆုရရှိသည့် ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင်တို့ကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်၊ ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်နှင့် တတိယဆုရရှိသည့် လပွတ္တာခရိုင်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ကို အခြေခံဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လယ်မြေများ မြေဆီလွှာပျက်စီးခြင်းအား ပြန်လည်ကုစားနိုင်ရန်အတွက် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်းစိုက်ပျိုး ခဲ့ပါကြောင်း၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းအား အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင် လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံ၍ ကုန်ချော ထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ တောင်သူများအအနေဖြင့် အမှန်တကယ်အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် ရလဒ်များအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း" နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေပေါ်လှောင်အိမ်စနစ် (Cage Culture) ဖြင့် ငါးခုံးမကြီး၊ ငါးမြစ်ချင်း၊ မြက်စားငါးကြင်း၊ ငါးတန်၊ ရွှေဝါငါးကြင်း၊ တောင်ပေါ်ငါးသလောက် စသည့်ငါးများ သရုပ်ပြမွေးမြူထားရှိမှုများနှင့် ရေသွင်းမြောင်းအခြေပြု ဘဲမွေးမြူရေး ဥစားဘဲ(ကာကီကင်း) အသက်(၃)လခွဲ သရုပ်ပြမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။

05-Mar-2026