ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ စတုတ္ထနေ့ဆွေးနွေးပွဲတက်ရောက်
ပုသိမ် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ စတုတ္ထနေ့ဆွေးနွေးပွဲကို ယနေ့နံနက်တွင် ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား(တတိယနေ့)တွင် စားပွဲဝိုင်းဆွေးနွေးပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ယနေ့တွင် ၎င်းစားပွဲဝိုင်းဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာနေသည်ကို တွေ့ရှိရပြီး ထိုကဲ့သို့အားကျဖွယ်ရာ တိုးတက်လာခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ နည်းပညာများပံ့ပိုးမှု၊ တောင်သူကြီးများပူးပေါင်းပါဝင်မှုကြောင့်လည်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ကျယ်ပြန်သည့်အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း များပြားမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့် ရလဒ်များကိုအောင်မြင်အောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် တာဝန်ယူခွဲဝေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ အဓိကထွက်ရှိသည့် ပီလော ပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည့် လက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန် များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပီလောပီနံ၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ ပြည်ပပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အနှစ်သာရရှိသည့် စကားဝိုင်းဆွေးနွေးပွဲဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ပညာရှင်များကိုလည်း ကျေးဇူးတင်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ပေါ်ဆန်းမျိုးနမူနာ(၁၁)မျိုး၏ အထွက်နှုန်းနှင့်စားသုံးမှုအရည်အသွေးအားလေ့လာခြင်း စာတမ်းကို မြောင်းမြမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက ဖတ်ကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင်က စကားဝိုင်းဆွေးနွေးပွဲ စားပွဲဝိုင်း(၃)မှ ဆွေးနွေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဆီဖူလုံရေးမဟာဗျူဟာ ရလဒ်အားလည်းကောင်း၊ မြောင်းမြခရိုင်က စကားဝိုင်းဆွေးနွေးပွဲ စားပွဲဝိုင်း(၄)မှ ဆွေးနွေးခဲ့သည့် အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ရလဒ်အားလည်းကောင်း၊ ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဆီစက်များဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှုရလဒ်အားလည်းကောင်း၊ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးက Agro-based Industries နှင့် မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှုရလဒ်အားလည်းကောင်း၊ စီးပွားရေးရာ၀န်ကြီးက Digital Economy ခေါင်းစဥ်နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် လက်ရည်တပြင်တည်း နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့ကတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။