ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျျိုးမြေများတွင် မြေချဉ်ငံဓာတ်များနေသဖြင့် ထုံးထည့်ရခြင်းဖြစ်ကြောင်းနှင့် ထုံးထည့်ခြင်းဖြင့် ရရှိလာမည့်အကျီုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများထံသို့ အသိပညာ၊ နည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထုံးထည့်ခြင်းလုပ်ငန်းသည် စပါးအထွက်တိုးရန်အတွက် လွယ်ကူသက်သာသည့် လုပ်ငန်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် လိုက်ပါဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထုံးထည့်သွင်းခြင်း၊ စိုက်ပျိုးမြေပြုပြင်ခြင်းနှင့် အခြားသွင်းအားစုများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးခြင်းများအား ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်နိုင်သကဲ့သို့ တောင်သူများ အနေဖြင့်လည်း တက်ညီလက်ညီ ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးကျင်သိန်း၏ ကွင်းအမှတ် (၅၁၄.၃/၁၆)တွင် စိုက်ပျိုးထားသည့် ထုံးထည့်စံပြကွက် (ဝ.၅၀)ဧကနှင့် သမရိုးကျ စိုက်ပျိုးထားသော (ဝ.၅၀)ဧကတို့အား ရိတ်သိမ်းနေမှုများကို ကြည့်ရှှုအားပေးခဲ့ပြီး ထုံးထည့်ထားသော စံပြကွက်မှ တစ်ဧကလျှင် (၇၈.၃၇)တင်းနှင့် သမရိုးကျကွက်မှ တစ်ဧကလျှင် (၆၂.၃၁)တင်း ထွက်ရှိပါသည်။