တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် မတ် ၃

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပခဲ့ရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာ ဗဟုသုတများ၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေရေးတို့အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်း များ၊ လှုပ်ရှားမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များ အလိုက် စနစ်တကျ အရှိန် အဟုန် တိုးမြှင့် ဖွင့်လှစ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးစီးပြီး အားကစားနည်း (၂၀)မျိုးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်နေသလို အားကစားနည်းအလိုက် စနစ်တကျ တတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုကဲ့သို့ နွေရာသီအဆင့်မြင့် အားကစား သင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့်ပညာရည်မြင့်မားရေး”ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန်လူတစ်စု အားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းကိုတက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများ၊ အားကစားသမားများနှင့် မိဘပြည်သူများ အားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် လိုပါ ကြောင်း” တိုက်တွန်းမှာကြားပြီး ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းများအား ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် အား အလေးပြုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရာတေးဒို အားကစားအဖွဲ့၊ အေရိုးဗစ်အဖွဲ့၊ မြန်မာ့သိုင်း(လက်သိုင်း)၊ ဝူရှူးအားကစားနည်းအဖွဲ့များ၏ သရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြအဖွဲ့များကို ဂုဏ်ပြူချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယခုလ (၃)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ စက်ဘီး၊ စစ်တုရင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း(၂၀)မျိုးကို သင်တန်းသား၊ သင်တန်းသူ (၉၈၀) ကျော်အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

03-Mar-2026