ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စွမ်းဆောင်မှုဆိုင်ရာထူးချွန်မှု ဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်
ပုသိမ် မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ညနေပိုင်းက စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စွမ်းဆောင်မှုဆိုင်ရာထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုသည်မှာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းက ဆောင်ရွက်ခြင်းထက် ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအားသည် အဓိကကျ ပါကြောင်း၊ မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို အခြေခံသော နိုင်ငံဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ ၏ ဦးတည်ချက်(၄)ရပ်တွင်လည်း " နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ( Agro - Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဆိုသည့်ဦးတည်ချက်ကို ထည့်သွင်းချမှတ်၍ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဆုရရှိသော ကဏ္ဍအလိုက်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးဝမ်းမြောက် ဂုဏ်ပြုပါကြောင်းနှင့် နောင်တွင်စည်းလုံးညီညွတ်ပြီး နိုင်ငံတော်၏ အနာဂတ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်း အားထုတ် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း”အမှာစကား ပြောကြားသည်။ ဆက်လက်၍ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးဆိုင်ရာထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်မှုဂုဏ်ထူးဆောင်ဆု ရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က စွမ်းဆောင်မှုဆိုင်ရာထူးချွန်မှုဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။