တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်
ပုသိမ် မတ် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုန္ဒရ အရှင်သူမြတ်က သမ္မောဒနီယဩဝါဒကထာနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များနာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် အကြည်ညိုခံပင့်သံဃာဆရာတော်ကြီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးနှင့် တာဝန်ရှိသူအသီးသီးက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်များကို စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇနှင့် မဟာကမ္မဋ္ဌာနစရိယ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ သဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်များကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့နှင့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်ဆရာကြီးများနှင့် ဓမ္မာစရိယစာမေးပွဲအထူးအောင် သာမဏေအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆက်ကပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သုဓမ္မမဏိဇောတဓရဘွဲ့ရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်ဆက်လက်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ စေတနာရှင်အလှူရှင်များက မြတ်စွာဘုရားအမှူးထား၍ ပင့်သံဃာဆရာတော်(၁၁)ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ( ၂၉ )ပါး၊ သီလရှင်ဆရာကြီး(၂)ပါး၊ အထူးအောင်သီလရှင်(၁)ပါး၊ စုစုပေါင်း (၄၃) ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။