ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများအား တက်ရောက်ဖွင့်လှစ်
ပုသိမ် မတ် ၂
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများဖွင့်ပွဲအခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖျော်ရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပြခန်း၊ တက္ကသိုလ်များပြခန်း၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ပုသိမ်)ထရော်လာဂျီအသိပညာပေးပြခန်း၊ စက်မှုလယ်ယာဦးစီးဌာနပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဆိုလာရေတင်စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်မှုအခြေအနေပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်းနှင့် စွယ်စုံပီလောပီနံလုပ်ငန်းပြခန်း၊ ကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၊ ခရိုင်(၈)ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းနှင့် ကုမ္ပဏီပြခန်းများဖြစ်သည့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း (၄၃)ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။