ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသထုတ်ကုန်များသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ၏ စိုက်ပျိုးရေးမွေးမြူရေးအခြေခံ MSME ထုတ်ကုန်များဖွံ့ဖြိုးရေး သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက်ပိုင်းက ဒေသထုတ်ကုန်များသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ၏ စိုက်ပျိုးရေး မွေးမြူရေးအခြေခံ MSME ထုတ်ကုန်များဖွံ့ဖြိုးရေး သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ARCCI)တို့နှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကိုပါတွဲဖက်၍ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသနများအပြင် ထုတ်လုပ်မှုသုတေသန၊ ဈေးကွက်သုတေသနများကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆုချီးမြှင့်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတပေါ်ကြွယ် ဝပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ သုတေသန လုပ်ငန်းများသည် တိုင်းဒေသကြီးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများဖြစ်ပါကြောင်း၊ မိမိတို့ ဒေသအတွက် အကျိုးရှိသည့် သုတေသနစာတမ်းများ များစွာထွက်ပေါ်လာအောင် ဆောင်ရွက်နိုင် ပါက လူ့ဘောင်အဖွဲ့အစည်းအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သုတေသန စာတမ်းများဖတ်ကြားခြင်းနှင့် ရလဒ်များအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးချနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးအခြေခံ MSME ထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ပေးကြစေလို ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဓာတုဗေဒဌာနမှ ပါမောက္ခ ဒေါက်တာမြသိင်္ဂီက ဆယ်လီနီယမ်နာနိုအမှုန်များ ပြုလုပ်၍ ရွက်ဖြန်းဆေးအဖြစ် အသုံးချပြီး စပါး၏ အထွက်နှုန်း၊ အရည်အသွေးနှင့် အနံ့ကို မြှင့်တင်ပေးခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာယောင်ကွီးက နွားခြေးနှင့်ငှက်ပျောခွံ ပေါင်းစပ်ခြင်းမှ အော်ဂဲနစ်နာနိုမြေဩဇာကို စိုက်ပျိုးရေးအတွက် ထုတ်လုပ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာကျော်မျိုးနိုင် က အကျိုးပြုဘက်တီးရီးယားများကို ဇီဝမြေဩဇာနှင့် ပရိုဘိုင်အိုတစ်အဖြစ် စိုက်ပျိုးမွေးမြူရေးတွင် အသုံးပြုခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပထဝီဝင်ဌာနမှ ပါမောက္ခ ဒေါက်တာဇင်မေဦးက ပုသိမ်မြို့နယ်ရှိ စပါးထုတ်လုပ်မှုနှင့် မြေဆီလွှာအရည်အသွေးဆိုင်ရာ (မြေဆီလွှာ pH စိုထိုင်းဆ နှင့် မြေဆီလွှာအမျိုးအစားများ)၏ ထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ဆန်းစစ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရူပဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဇေယျာအောင် က ဘက်စုံသုံးလုံခြုံရေးအချက်ပြကိရိယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာတင်တင်မာ က အချဉ်ဖောက် ထားသော အစားအစာများမှ လက်တစ်အက်ဆစ် ဘက်တီးရီးယားမျိုးများကို သီးခြားခွဲထုတ် ပွားများစေပြီးနောက် ၎င်းတို့ကိုကြက်မွေးမြူရေးတွင် Probiotic အဖြစ်အသုံးပြုခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဇော်လင်းအောင် က အဏုဇီဝသက်ရှိ များ၏ လူသားအကျိုးပြုမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။