ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျုံပျော်မြို့နယ်၊ ရှားခဲပလ္လင်ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲပလ္လင်ကွန်ကရစ်တံတား အရှည်၁၂၀ပေ၊ အကျယ်၂၀ပေ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဖျော်ဖြေရေး အဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျုံပျော်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ တောင်သူဦးသိန်းစိုး၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့်ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများအပြင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့ မှာကြားခဲ့သည်။ ယင်းနောက် ကျုံပျော်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု ဦးဝင်းသန်း၏ ပီလောပီနံကြိတ််ခွဲစက်သို့သွားရောက်၍ ပီလောပီနံ ကြိတ်ခွဲထုတ်လုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ပီလောပီနံကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ အရည်အသွေးကောင်းမွန်သည့် ကော်မှုန့်များထုတ်လုပ်နိုင်ရေး၊ စွန့်ပစ်ပစ္စည်းများအားအကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရေး၊ အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု တောင်သူဦးဝင်းသန်း၏ စိုက်ဧက(၁)ဧကတွင် စိုက်ပျိုးထားသည့် Rayong-72 မျိုး ပီလောပီနံတူးဖော်နေမှုများ ကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပီလောပီနံစိုက်ပျိုးမှု ဧက ၃ သောင်း ၅ထောင်ကျော် စိုက်ပျိုးထားပြီး ၎င်းစိုက်ခင်းအား တူးဖော်ရာတွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာချိန် ၇ ထောင့် ၅ ရာကျော် ထွက်ရှိကြောင်း သိရသည်။ ယင်းနောက် ၂၀၂၅- ၂၀၂၆ခုနှစ်၊ ပီလောပီနံသီးနှံ(၂)နှစ်(၃)သီး သီးနှံပုံစံလေ့လာခြင်း တောင်သူမန်းစိုးသိန်း၏ စမ်းသပ်ကွက် စိုက်ဧက(၁)ဧကတွင် Rayong-72 မျိုး ပီလောပီနံ စိုက်ပျိုးထားရှိမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးကောင်းများနှင့် ဈေးကွက်ဝင်မျိုးများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကုန်ချောများထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် တောင်သူများကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။