ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဂုဏ်ပြုတင်ဆက်မှုများနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး Video Clip ပြသမှုကိုကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ကို လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန် (Role of Youth)၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ စိတ်သဘောထား များနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် (Dialogue and Positive Problem-Solving)၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ၊ အပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲ လွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍ ကို ဖော်ထုတ်ရန်၊(Networking and Action Plans)၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမို ခိုင်မာလာစေရန် (Capacity Building for Dialogue, Mediation and Communication)၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်စည်းလုံး ညီညွတ်ရေး လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး၊ အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန် (Feedback for Peace, Solidarity and Social Harmony)၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့်အကြံပြုချက်များကိုစုစည်း၍ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (Youth Policy Paper) အား ရေးဆွဲဆောင်ရွက်နိုင်ရန် စတဲ့ ရည်ရွယ်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး ” ဆောင်ပုဒ်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လူငယ်ငြိမ်းချမ်းရေး ကြေညာစာတန်း ကို လည်း ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊နိုင်ငံတော် အကြီးအကဲမှ လူငယ်တို့၏ တက်ကြွသောစိတ်၊ တတ်မြောက်ထားသောပညာနှင့် လူကြီးများ၏ အတွေ့အကြုံများ ပေါင်းစပ်သောအခါမှာ နိုင်ငံအတွက် အားအင်တစ်ရပ် ဖြစ်ပေါ်လာကြောင်းနှင့် ယခုဖိုရမ်၏ ရလဒ်အသီးသီးကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ကြဖို့ တိုက်တွန်းလမ်းညွှန် မှာကြားခဲ့တာ ဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ကို တက်ရောက်ခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များက သူတို့ပါဝင်ဆွေးနွေးခဲ့ကြသည့် "ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး”၊ “လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစား၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး” ၊ “စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်စွန့်ဦးတီထွင်မှု”၊ “အိုင်တီ၊ ဉာဏ်ရည်တုနှင့် ဆိုက်ဘာလူမှု ကွန်ရက်” စသည့် ခေါင်းစဉ်များနှင့် အတွေ့အကြုံများကိုပြန်လည် ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း၊ ယခု တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များကလည်း မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေး နိုင်မည်ဖြစ်သကဲ့သို့ လူငယ်များအနေဖြင့် ငြိမ်းချမ်းရေးအနှစ်သာရများကို သိရှိနားလည်ကြပြီး လူငယ်ဖိုရမ်ကွန်ရက်ကို ပိုမိုခိုင်မာအောင် ဖွဲ့စည်းတည်ဆောက်သည့် ထပ်ဆင့် အခမ်းအနားတစ်ခုလည်းဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး သမိုင်းပေးတာဝန်ကျေပွန်စွာ ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကား ပြောကြား ပြီး ဂုဏ်ပြုတင်ဆက်ခဲ့သည့် အဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား အမျိုးသားလူငယ်ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် လူငယ်ကိုယ်စားလှယ် များက အစုအဖွဲ့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် မေးခွန်းများအား ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြကာ အစုအဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးချက်များအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ကြေညာစာတမ်းအားဖတ်ကြား၍ ဖိုရမ်နှုတ်ဆက်သီချင်းဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။