ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့အား ချီးမြှင့်ငွေပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇလွန်မာရ်အောင်မြင်ပြည် တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ဂေါပကအဖွဲ့အား အလှူငွေများဆက်လက်လှူဒါန်းခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော ပရိတ် တရားတော်များအား ဆက်လက်နာယူကြည်ညို၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းခဲ့သည်။ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်း လဆန်း (၉) ရက်နေ့မှ တပေါင်းလပြည့်ကျော် ( ၁ ) ရက်နေ့အထိ ယခုလ (၂၄ )ရက်နေ့မှ မတ်လ(၃) ရက်နေ့အထိ (၈)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။

24-Feb-2026