တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးဆုံးတိုင်းဒေသကြီးဖြစ်ပြီး တည်ငြိမ်အေးချမ်း မှုများရှိသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံသဖြင့် တိုးတက်မှုများလည်းရှိလာပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်တင်ပြဆောင်ရွက်ရခြင်းများလည်းရှိပါကြောင်း၊ လာရောက်ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် ကုမ္ပဏီများက ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် သုံးဘီးမော်တော်ဆိုင်ကယ်အမျိုးမျိုးတပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက် ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းနှင့် ရာခိုင်နှုန်း ပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲသန့်စင် ထုတ်လုပ် တင်ပို့ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းတို့အား တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်း ပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အစုရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်း ပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အတည်ပြုမိန့်ပြန်လည် အပ်နှံခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အတည်ပြုမိန့်ပြန်လည် အပ်နှံခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများဆွေးနွေး တင်ပြခဲ့ကာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

24-Feb-2026