ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၃
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တောင်သူလယ်သမားနေ့အခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုမိုအနှစ်သာရရှိစွာဖြင့် ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၂)ဖြစ်သည့် "နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး"အရ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးပွဲမှ ရရှိလာသည့် ရလာဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုအတွက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့နှင့်ပတ်သက်၍ တောင်သူများအတွက် အသိပညာပေးပြခန်းများ၊ သုတေသန လုပ်ငန်းများ၊ ပြကွင်းပြကွက်များ၊ ပီလောပီနံစိုက်ပျိုးရေး လုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ ထည့်သွင်းပြသရန်လိုပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ စုံစုံလင်လင်ပြသနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပရာတွင် အားနည်းချက်များနှင့် လစ်ဟာမှုများ မရှိစေရေးအတွက် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးသို့တက်ရောက်လာသူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်မည့် ကဏ္ဍတစ်ခုချင်းစီအား ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။