ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးသည် ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ခရီးသွားများ သွားလာလည်ပတ်ရာတွင် အဆင်ပြေ စေရေးအတွက် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်-ပုသိမ် လမ်းအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ခရီးသွားများနှင့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် နိုင်ရန်အတွက် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ငွေတောင်ကမ်းခြေနှင့် ကျောက်ကလပ်ဒေသများသို့လည်း သွားရောက် လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများအား ပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဟိုတယ်တည်းခိုရိပ်သာများကို အဆင့်မီဆောက်လုပ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်လျက်ရှိရာ ဟိုတယ်ဇုန်များ သန့်ရှင်းရေး၊ ကမ်းခြေသာယာလှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်အသစ်များ ဖော်ဆောင်ခြင်း၊ ဆွဲဆောင်ခြင်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ ခရီးသွားများအနေဖြင့် ကမ်းခြေအပန်းဖြေရုံသာမကဘဲ တိုင်းဒေသကြီးရှိ မြို့ကြီး များ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများ လေ့လာခြင်းအပြင် MSMEs ဒေသထွက်ထုတ်ကုန်များ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ စိတ်ဝင်စားဖွယ်ရာဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ ခရီးစဉ် အသစ်များ ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများ ကလည်း တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြမည့် Power Point(မူကြမ်း)တို့ကို ရှင်းလင်း တင်ပြပြီးနောက် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုမှတ်တမ်း Video Clip အားပြသခဲ့သည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။