နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနား

ပုသိမ် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်အားလုံးက “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ" အစချီသောဂါထာတော်ကို ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိန်ကတ္တီပါအား လွှမ်းခြုံပူဇော်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော် မူရပါကြောင်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးဆောင်ဆရာတော် ဘဒ္ဒန္တသီဟနာဒက ဖတ်ကြားပူဇော်သည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက ဖတ်ကြားပူဇော်ခဲ့သည်။ ထို့နောက် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တကောသလ္လက ဖတ်ကြားပူဇော်ခဲ့ပြီးနောက် ရှစ်ဆယ်ပေါ်တေးထပ်ကို ကံ့ကော်တေးနုယဉ်အဖွဲ့မှ တေးသံရှင်နှင့် စောင်းပညာရှင်တို့က တွဲဖက်၍ပူဇော်ခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အရှင်သူမြတ်က မရဏာနုဿတိဘာဝနာတရားနှင့်ရေစက်ချ ဓမ္မသံဝေဂ အမျှပေးပေဝေခဲ့သည်။

ဆက်လက်၍ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မြန်အောင်မြို့၊ ဆန်နီချောင်ကျောင်းဆရာတော်ဘဒ္ဒန္တကောဝိဒ အရှင်သူမြတ်က သံဝေဂဂီတိဂါထာတော်ကိုလည်းကောင်း၊ ရန်ကုန်မြို့၊ သုကာရီကျောင်းဆရာတော် ဘဒ္ဒန္တဝိဇောတိဝံသ အရှင်သူမြတ်က ပစ္ဆိမ၀န္ဒနာ ဂါထာကိုလည်းကောင်း ပူဇာ်ခဲ့ပြီးနောက် ပစ္ဆိမဝန္ဒနာ ပန်လျှောက်လွှာရတုကို ကံ့ကော်တေးနုယဉ်အဖွဲ့မှ တေးသံရှင်နှင့် စောင်းပညာရှင်တို့က တွဲဖက်၍ပူဇော်ခဲ့သည်။ ယင်းနောက် ညောင်တုန်းမြို့၊ ဈေးကျောင်းတိုက်မှ ဦးဉာဏာစာရ အရှင်သူမြတ်က အပြစ်ရှိက သည်းခံခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့လွှာကို တပည့်သံဃာ၊ ဒါယကာ ဒါယိကာမများအား ရှေ့မှတိုင်ကြားပေး၍ နောက်ဆုံးကန်တော့တောင်းပန်လျှောက်ထားခဲ့ကာ ကရဝိတ်ဖောင်တော်ဖြင့် လောင်တိုက်တော်သို့ လိုက်ပါ ကြွချီတော်မူပါရန် တောင်းပန်လျှောက်ထားသော အဘိယာစက နိမန္တန ဂါထာကို ညောင်တုန်းမြို့ ၊ ဈေးကျောင်းမှ အရှင်ဓမ္မဝရက လျှောက်ထား ပင့်ဆောင်၍ သာဓု(၃)ကြိမ် ခေါ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လောင်တိုက်တော်သို့ သာသနာ့အလံကိုင်၊ ပန်းဖလား၊ ဆရာတော်ပုံတော်နှင့် ဘွဲ့တံဆိပ်တော် အဆောင်အယောင်ကိုင်၊ ထီးဖြူကိုင်၊ တပည့် သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဈာပနကျင်းပရေးကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များနှင့် တပည့် ဒါယကာ ဒါယိကာမများက ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ လောင်တိုက်တော်တွင် သံဃာတော်များ၊ ပရိသတ်များက နေရာယူကြပြီးနောက် ဆရာတော် သံဃာတော်များအမှူးပြုသော ပရိသတ်အားလုံးက“ အနိစ္စာ ဝတ သင်္ခါရာ” အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများကာ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးပူဇော်ခဲ့ကြကြောင်းသိရသည်။

22-Feb-2026