ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက် အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းမှ သင်ကြားပို့ချလိုက်သည့် နည်းပညာများကို လေ့လာမှတ်သားပြီး တိတိကျကျ လိုက်နာကျင့်သုံးကာ သီးနှံအထွက်တိုးရေးကို အထောက်အကူဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် မိမိတို့ လေ့လာသင်ယူ မှတ်သားရရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ် တွေကို မိမိတို့နဲ့နီးစပ်ရာ တောင်သူများ၊ စိုက်ပျိုး ထုတ်လုပ်သူများ သာမက ရောင်းဝယ် ဖောက်ကား နေကြတဲ့ ပုဂ္ဂိုလ်များအထိ ပညာဗဟုသုတများ မျှဝေပေးကြရန်လိုပါကြောင်း” အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းအား ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၄ရက်နေ့အထိ (၃)ရက် ပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၀)ဦး တက်ရောက်ကြောင်း သိရှိရသည်။