ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ်တွင် ကျင်းပသည့် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျအားကစားခန်းမတွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိကြီးက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပြီးနောက် သဘာပတိမိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ချင်းတိုင်းရင်းသားများအများစု မှီတင်းနေထိုင်ကြသည့် မြို့နယ်များတွင် ချင်းအမျိုးသားနေ့ကို အလှည့်ကျပြုလုပ်ပေးခဲ့ရာ ယခုအကြိမ် ချင်းအမျိုးသားနေ့ကို မြန်အောင်မြို့နယ်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ မှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ် များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကျင်းပပေးလျှက်ရှိပါကြောင်း၊ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွလက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ စံပြတိုင်း ဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ကျင်းပရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ ချင်းတိုင်းရင်းသူတစ်ဦးက အခမ်းအနားတွင် ဆင်ယင်ပြသထားသည့် ပစ္စည်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်တင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကား ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုGabion Box ကမ်းထိန်းတမံတည်ဆောက်ခြင်း အလျား (၃၅၀)ပေ ဆောင်ရွက်နေမှုနှင့် မြန်အောင်မြို့၊ မကျီးစုကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ တည်ဆောက်ခြင်းအလျား (၁၅၀)ပေ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြန်အောင်မြို့ တာမိုင် ၅/၅ နှင့်၅/၇ ကြားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ တည်ဆောက်ခြင်းအလျား (၁၇၅)ပေ ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်းရှိ မင်းစန်းဦး ဆီကြိတ်စက်သို့သွားရောက်၍ ခေတ်မီဆီသန့်စက်တပ်ဆင်အသုံးပြုကာ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်ဆီများ ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ရာ ဆီစက်ပိုင်ရှင်က ကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲမှု၊ ဆီထွက်နှုန်း၊ ဈေးကွက်ရရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ တောင်သူဦးထွန်းလင်း၏ စိုက်ဧက(၁)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် မြို့မရပ်ကွက် တောင်သူများ စိုက်ပျိုးထားသည့် Super Sun-41နေကြာစံပြကွက် ဧက(၅၀)စိုက်ပျိုး‌ေအာင်မြင်ဖြစ်ထွန်း‌နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားမကျရောက်စေရေး၊ လေလွင့်ဆုံးမှုမရှိအောင် စနစ်တကျရိတ်သိမ်းရေးနှင့် ရိတ်သိမ်းပြီးနေကြာများအား ဆီကြိတ်ခွဲထုတ်လုပ်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်၍ မြေပဲ၊ နေကြာ ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီစက်ပိုင်ရှင်က မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှု၊ ထွက်ရှိမှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာ၊ တောင်သူဦးအောင်ဋ္ဌေး၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 ဆောင်းနေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။

20-Feb-2026