ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရန်ကုန် -ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
ပုသိမ် ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ရန်ကုန် -ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန် -ပုသိမ်လမ်း ဗိုလ်မြတ်ထွန်းတံတား ရွှေသောင်တန်းရိပ်သာသို့ရောက်ရှိ၍ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ရန်ကုန် -ပုသိမ်လမ်း မိုင် ၁၇/၄ မှ ၁၁၃/၂ အထိ ၉၅ မိုင် ၆ ဖာလုံ အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန် -ပုသိမ်လမ်း ဧရာဝတီတိုင်းဒေသကြီးအပိုင်း မိုင် ၁၇/၄ မှ ၅၆/၀ အတွင်း B.O.T စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော oriental highway co.,ltd မှ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရန်အတွက် concrete ဖျော်စက်တည်ဆောက်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ စက်ယာဉ်ယန္တရားများရောက်ရှိမှုအခြေအနေအားလည်းကောင်း၊ ကွန်ကရစ်ဖျော်စပ်ရာတွင်အသုံးပြုမည့်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန် -ပုသိမ်လမ်း မိုင် ၄၈/၇ မှ ၄၉/၀ ကြား concrete အခြေခံလွှာမခင်းမီ improved subgrade လွှာတည်ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ oriential highway co.ltdမှစီမံကိန်းတာဝန်ခံအင်ဂျင်နီယာနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်-ပုသိမ်လမ်း မိုင် ၅၆/၀ နှင့် ၆၃/၀ အတွင်း ၆ မိုင်အား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းတွင် မိုင် ၅၆/၅ မှ ၅၆/၆ ကြား မျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း၊ မိုင် ၅၉/၇ မှ ၆၀/၀ အတွင်း မျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေများလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။