ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့်သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့တက်‌ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၀

နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့်သာဓုကီဠနပူဇာသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ဦးစွာ စံကျောင်းတော်သို့ ပင့်ဆောင်သည့် ဂါထာဖတ်ကြား၍ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား တာဝန်ရှိသူများက စံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများဦးဆောင်၍ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” အစချီသော သုံးဂါထာကို ရွတ်ဆိုကာ သံဝေဂဉာဏ် ပွားများ၍ သေတစ္ဆတ္တဝိဝရဏ ထီးဖြူတော်ဖွင့်ဂါထာကို ညောင်တုန်းမြို့၊ မန္တလေး ကျောင်းဆရာတော်က ဖတ်ကြားပူဇော်သည်။ ယင်းနောက် မဟာဝိသုတာရာမတိုက်သစ်ကျောင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်တုန်းမြို့ဟင်္သာတကျောင်း ဆရာတော်က ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကိုဖတ်ကြားပူဇော်ခဲ့ပြီး ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

ထို့နောက် ညောင်တုန်းမြို့၊ဝေဠုဝန်ကျောင်းဆရာတော်က ဂုဏာနုဿရဏပူဇာ ဂါထာဖတ်ကြားပူဇော်ပြီး ပုပ္ပားကျောင်းဆရာတော်က ဝန်ချတောင်းပန် ကန်တော့လွှာကို လျှောက်ထား၍ တောင်ညိုကျောင်းဆရာတော်ထံမှ မရဏာနုဿတိ ဘာဝနာတရားနှင့် ရေစက်ချတရားနာယူ ကြည်ညိုခဲ့ကြသည်။ ထို့နောက် ရေစက်သွန်ချ အမျှအတန်းပေးဝေခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအမှူးပြုသော ပရိသတ်အားလုံးက “အနိစ္စာ ဝတ သင်္ခါရာ” အစချီသောသုံးဂါထာကို ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာသဘင် စီစဉ်ကျင်းပနိုင်ရန် ဒုတိယအကြိမ်အလှူငွေများ လှူဒါန်းပေးအပ်ပွဲကိုပြုလုပ်ခဲ့ရာ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။

20-Feb-2026