ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်။
ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆီဖူလုံရေးစသည့် စိုက်ပျိုးရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ၎င်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ရေးအတွက် တောင်သူလယ် သမားနေ့ အခမ်းအနားများတွင် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီပေါ်ဆန်းအရည် အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးခြင်းအပြင် ပဲပုပ်-ပဲကြီးရောနှောစိုက်ပျိုးခြင်း များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရည်မှန်းချက်ပေးထားသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် ဖြစ်ထွန်းအောင်မြင်မည့်မြေနေရာများ ရှာဖွေဆောင်ရွက်ရန်လိုပါ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများအနေဖြင့် အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားနေ့အခမ်းအနားအား အနှစ်သာရရှိစွာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိရာ လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်သွားရန်”အမှာစကားပြော ကြားသည်။
ထို့နောက် ပီလောပီနံစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက တိုင်းဒေသကြီးအတွင်း ပီလောပီနံ စိုက်ပျိုးမှု၊ ပီလောပီနံကွင်းခြောက်များ ထုတ်လုပ်မှု၊ ပီလောပီနံအထူးဇုန် အကောင်အထည်ဖော် ဆောင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း၊ ပေါ်ဆန်းစပါးစိုက် တောင်သူ တစ်ဦးက ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း စတင်စိုက်ပျိုးမှု၊ အထွက်နှုန်းနှင့် ဈေးကွက်ရရှိမှု အခြေအနေများကိုလည်းကောင်း၊ တောင်သူတစ်ဦးက နွေစပါးကန်သင်းဘောင်တွင် ကျင်းစနစ်ဖြင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးအောင်မြင်မှု အခြေအနေများကိုလည်းကောင်း၊ အုန်းချိုမွှေးစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက အုန်းချိုမွှေးစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများကိုလည်းကောင်း၊ လယ်ယာသုံးပစ္စည်းထုတ်လုပ်သူ စက်မှုလက်မှုလုပ်ငန်းရှင်တစ်ဦးက စပါး၊ ပဲ၊ ခြွေလှေ့စက်ထုတ်လုပ်မှု၊ ဒေသရေမြေနှင့်ကိုက်ညီသည့် လယ်ယာသုံးစက်ပစ္စည်းများ တီထွင်ဖန်တီးထုတ်လုပ်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်များမှ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက အဓိကသီးနှံများ စိုက်ပျိုး ထွက်ရှိမှု၊ မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်နေမှု၊ ဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးမှု၊ မြို့၏ (၃)မိုင်ပတ်လည် Green Zone များ အကောင် အထည်ဖော်ဆောင်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှု၊ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးဆောင်ရွက်ထားရှိမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ အရည်အသွေးကောင်းမွန်သည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် export zone များဖော်ထုတ်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီးက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပြိုင်ပွဲ အတွေ့အကြုံများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။