ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော်(၁၀၄)နှစ်၊ သိက္ခာတော် (၈၄)ဝါရှိ၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ အန္တိမအဂ္ဂိစျာပန စီစဉ်ကျင်းပနိုင်ရန် အလှူငွေများလှူဒါန်း
ပုသိမ် ဖေဖော်ဝါရီ ၁၇
၁၃၈၇-ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ယခုလ(၁၆)ရက်၊တနင်္လာနေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော်(၁၀၄)နှစ်၊ သိက္ခာတော်(၈၄)ဝါရှိ၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ ဥတုဇရုပ်ကလာပ်တော်အား ယခုလ(၂၂)ရက်နေ့တွင် အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာသဘင် စီစဉ်ကျင်းပနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သက်တော်ရှည်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် အန္တိမအဂ္ဂိစျာပန စီစဉ်ကျင်းပနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ရာ ဆရာတော်ကြီးများဦးဆောင်၍ “ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာတော်ကိုရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများလှူဒါန်းခဲ့ပြီး ညောင်တုန်းမြို့၊ တောင်ညိုကျောင်းတိုက် ဆရာတော်ထံမှ သံဝေဂကထာနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ အနိစ္စာဝတ သင်္ခါရာ” သုံးဂါထာတော်ကိုရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာတော်ကြီးများအား သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ အန္တိမအဂ္ဂိစျာပန စီစဉ်ကျင်းပနိုင်ရန်နှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်သော ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored Pile အခြေုပြု ကျောက်စီတမံအလျား(၈၅၀)ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန် ပုံငွေဖြင့်ဆောင်ရွက်သော Bored Pile အခြေုပြု ကျောက်စီတမံအလျား(၅၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တည်ဆောက်ရေးလုပ်ငန်းရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လုပ်ငန်းများအား လာမည့်မိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ၊ ရတနာသိပ္ပံကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီးနောက် ရတနာသိပ္ပံကျောင်းကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်-ပုသိမ်လမ်း မိုင် 59/4 - 59/5 ကြားတွင် 30ပေအကျယ် ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၌ မျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။