ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအားတက်ရောက်ဖွင့်လှစ်
ပုသိမ် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ(ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကာ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့်တကွ မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင် သီတင်းသုံးတော်မူကြသောဆရာတော်အရှင်သူမြတ် (၂၁၆)ပါးအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများလောင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ပြည်သူများ အရိပ်အာဝါသအောက်တွင် အေးချမ်းစွာဖူးမြော်နိုင်ရန်အတွက် တောင်ဘက်အာရုံခံတန်ဆောင်းတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် အားဖူးမြော်ကြည်ညိုခဲ့သည်။ ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအား ကျင်းပရာ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်၊ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တို့က ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မင်္ဂလာမုခ်ဦးအား စက်ခလုပ်နှိပ်ဆက်လက်ဖွင့်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားနှင့် တောင်ဘက်အာရုံခံတန်ဆောင်း ရေစက်ချမင်္ဂလာအခမ်းအနားအား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ပြုလုပ်ခဲ့ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ဦးစီးပဓာန နာယက ဆရာတော်ထံမှတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား နာယူကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့ပြီးနောက် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ကာ ဘုရားဖူးလာပြည်သူများအား စတုဒီသာများလှူဒါန်း၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။