ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအားသွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၄၅၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဆင်းမြောင်းများဆောင်ရွက်သင့်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ကစေတီတော်ကြီးတည်ထားရာကုန်းမြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန်လိုအပ်သည့်နေရာများတွင်လည်း တစ်ဆက်စပ်တည်းဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါ ကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့် မြတ်မော်တင်စွန်းစေတီတော်ကြီးတည်ရှိရာကုန်းမြေနှင့် စေတီတော်ကြီးအပါအဝင်သာသနိကအဆောက်အဦများအား ပင်လယ်ရေလှိုင်းရိုက်ခတ်တိုက်စားမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျောက်စီမြေထိန်းနံရံများဖြင့် ဆောင်ရွက်မည့်အခြေအ နေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲနှင့် မြတ်မော်တင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် မြတ်မော်တင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက လှူဒါန်းသော အလှူငွေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်ကလည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ထို့နောက် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် ရာသက်ပန်ကုမ္ပဏီမှ မြတ်မော်တင်စွန်းဘုရားဖူးလာသူများအား ထမင်းဘူး (၃၀၀၀)နှင့် ဒန်ပေါက် (၁၀၀၀) စတုဒီသာ ကျွေးမွေးလှူဒါန်းရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များဖြစ်စေရေးနှင့် စတုဒီသာလှူဒါန်းရာတွင် စနစ်တကျဖြစ်စေရေးမှာကြားခဲ့သည်။