ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ် တက်ရောက်နာယူကြည်ညို
ပုသိမ် ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်နာယူ ကြည်ညိုကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဓမ္မပူဇာ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်စေရန် ၊ဟိုင်းကြီးချောင်းအတွင်း ရေယာဉ်များ၀င်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ငဝန်မြစ်မှ နုန်းအနည်အနှစ်များကျရောက်မှုကို ထိန်းသိမ်း နိုင်ရန် နုံးတားတမံတည်ဆောက်ခြင်း နုန်းတားကျောက်စီလှိုင်းရေကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အနောက်ဘက်အာရုံခံတန်ဆောင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုသည့် ဘုရားဖူးပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။