ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်ရှိ နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေး
ပုသိမ် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(၃)ဧကတွင်စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) ဆောင်းနေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး စနစ်တကျရိတ်သိမ်းရေး၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများအပြင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။ ထို့အတူ မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာ၊ တောင်သူဦးအောင်ဋ္ဌေး၏ စိုက်ဧက(၃)ဧကတို့တွင် စိုက်ပျိုးထားသည့် Super Sun-41 ဆောင်းနေကြာစိုက်ခင်းတို့အား ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများအပြင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့ကြောင်းသိရသည်။