ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မရဲ့အုန်းပင်စုကျေးရွာ တောင်သူဉီးတင်အောင်သန်း၏ နွေစပါးကန်သင်းဘောင်ပေါ်တွင် ဆန်ဖိုလာနေကြာမျိုးများအား ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း စံပြကွက်အားကြည့်ရှုအားပေး
ပုသိမ် ဖေဖော်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ တောင်သူဉီးတင်အောင်သန်း၏ နွေစပါးကန်သင်းဘောင်ပေါ်တွင် ဆန်ဖိုလာနေကြာမျိုးများအား ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း စံပြကွက်၊ Super Sun-41 နေကြာမျိုး၊ ရေဆင်းစပ်မျိုး (၁)နေကြာမျိုးအား ကန်သင်းဘောင်ကျင်းစနစ်ဖြင့် စုစုပေါင်း နေကြာကျင်း (၅)သောင်းကျော် စိုက်ပျိုးထားရှိမှုနှင့် မျိုးစေ့ချကိရိယာ (Drum Seeder)စနစ်ဖြင့် စိုက်ပျိုးထားသော နယူး(၁၁) နွေစပါးစိုက်ခင်းဧက(၃၅၀) ဧကတို့ကို ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာအပင်ကြီးထွားမှုနှုန်းမြင့်မားသည့်အတွက် ဘေးတန်းများစနစ်တကျကာရံထားရှိရေး၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ အပြင် လေကာပင်၊ အရိပ်ရပင်များကိုလည်း စနစ်တကျတိုးချဲ့ စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ကျုံကဒွန်း-အမာ လက်ယာမြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်း အလျား၁၂၀၀၀ပေ၊ ထိပ်ဝအကျယ်၂၄ပေ၊ အောက်ခြေအကျယ်၁၂ပေ၊ ပျှမ်းမျှအနက်၆ပေ တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံမြို့နယ်၊ ဝါးချောင်းကျေးရွာ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ နွေစပါးဆားငန်ခံစံပြကွက် (၁၅)ဧက စိုက်ခင်းအား ကြည့်ရှုအားပေးပြီးရေချိုရရှိအောင် တူးဖော်ပေးထားပြီးဖြစ်သဖြင့် ရေငန်ဒဏ်ခံစပါးမျိုးများဖြင့် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရန်၊ ရေငန်ဝင်ရောက်မှုနည်းပါးစေရေး ရေငန်တားလုပ်ငန်းများဆောင်ရွက်ပေးရန်၊ ရေငန်တားရေချိုထိန်း ရေတံခါး ဝါးချောင်းရေတံခါးနဲ့ ဖလက်ရေတံခါး ကို ပြုပြင်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ငုတောကျေးရွာ ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးရက်(၉၀) ၁၅ဧကစံပြကွက်အား ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာအချိုးကျ ထည့်သွင်းသုံးစွဲရေးတို့ကို မှာကြားခဲ့သည်။