ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဖေဖော်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့တာဖြစ်ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့၌ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့က “လွတ်လပ်ရေးကို အတူတကွရယူမည်”ဆိုသည့် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ၎င်းကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ရာ ယနေ့တွင် (၇၉)နှစ်တိုင်တိုင် ခိုင်ခိုင်မာမာတည်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့မတိုင်မီ MSMEပြပွဲများ၊ သစ်သီးဝလံပန်းမာန် ပြပွဲပြိုင်ပွဲများကိုလည်း ဒေသခံပြည်သူများ လာရောက်လေ့လာနိုင်ရန်နှင့် တိုင်းဒေသကြီး၏ဖွံ့ဖြိုးတိုးတက်မှုများကို သိရှိရန် ပြသလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် MSMEထုတ်ကုန်ပစ္စည်းများကိုလည်း ပိုမိုကောင်းသည်ထက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆန်၊ စပါး၊ သား၊ ငါး အပြင် ဆီဖူလုံရေးအတွက်လည်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် ပြည်ထောင်စုသားအားလုံး၏ စည်းလုံးညီညွတ်မှု အင်အားပေါ်တွင် မူတည်ပါကြောင်း၊ “စည်းလုံးခြင်းသည်အင်အား၊ ညီညွတ်ခြင်းသည်စွမ်းအား၊ ငြိမ်းချမ်းခြင်းသည်အလှတရား” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီးနိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အားလုံးက တက်ညီလက်ညီပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဌာနဆိုင်ရာပြခန်း ပထမဆု၊ သစ်သီးဝလံပြိုင်ပွဲ ပထမဆု၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အခြေခံပညာအထက်တန်း အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပထမဆု၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ပထမဆု၊ အခြေခံပညာ ဆရာ၊ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ တွင်ပထမဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆု၊ သစ်သီးဝလံပြိုင်ပွဲ ဒုတိယဆု၊ တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများ၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာ ဆရာ၊ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ တွင်ဒုတိယဆုရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း တတိယဆု၊ သစ်သီးဝလံပြိုင်ပွဲ တတိယဆု၊ တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် တတိယဆုရရှိသူများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် တတိယဆုရရှိသူများ၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ တတိယဆု၊ အခြေခံပညာ ဆရာ၊ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ တွင် တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာ တေးဂီတအဖွဲ့မှ ပြည်ထောင်စုနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။