ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

ပုသိမ် ဖေဖော်ဝါရီ ၁၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ပန်းပွားကအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပြခန်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးပြခန်း၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်ပြခန်း၊ ပုသိမ်တက္ကသိုလ်ပြခန်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)၊ စက်မှုလယ်ယာ ဦးစီးဌာနပြခန်း အစရှိသည့် ဌာနဆိုင်ရာပြခန်းများနှင့် ကုမ္ပဏီများမှပြသထားသည့် သဘာဝ မြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ရာ ပြခန်းတာဝန်ခံများက သိလိုသည်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပုသိမ်၊ ကျုံပျော်၊ မြန်အောင်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ ခရိုင်(၈)ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ် ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းနှင့် ကုမ္ပဏီပြခန်းများဖြစ်သည့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း (၃၅)ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

12-Feb-2026