တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ အမျိုးသားလွန်ဆွဲပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲများတွင် ဒုတိယဆုရရှိသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကလည်းကောင်း၊ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဒုတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလူမှုရေးရာ ဝန်ကြီး ကလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပထမနှင့် ဒုတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသား လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား ဖူဆယ်ပြိုင်ပွဲများတွင် ပထမရရှိသောအသင်းများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ ကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေကြာစံပြစိုက်ခင်း(၇)ဧကတွင် အိန္ဒိယနေကြာမျိုး (Suryakiran) စိုက်ပျိုးထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင် စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီ ဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေး လုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးအပြင် တောင်သူလယ်သမားနေ့အထိမ်းအမှတ် လမ်းညွှန်ဆိုင်းဘုတ်များအား ပြည်သူများအလွယ်တကူ မြင်တွေ့စေနိုင်ရေး စနစ်တကျ တပ်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ တောင်သူဒေါ်ရင်လှ၏ စိုက်ဧက(၂၀)ဧကတွင်စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာ (စံပြစိုက်ခင်း)Super Sun-41 နေကြာမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှု အားပေးပြီး နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ် ဆောင်ရွက်ကြရန်၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

12-Feb-2026