ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်တွင်ကျင်းပသော (၇၁)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာမေးပွဲ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်၊ လူပုဂ္ဂိုလ်တို့အား အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီများ၊ တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်သို့သွားရောက်၍ ယခုလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၁)ကြိမ်မြောက် သုဓမ္မာဝိနယာဓိကစာပြန်ပွဲတော် စာအောင်ဆုနှင်းသဘင်အခမ်းအနားအတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညို ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုက (၇၁)ကြိမ်မြောက် သုဓမ္မာဝိနယာဓိက စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာအောင် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်၊ လူပုဂ္ဂိုလ်တို့အတွက် အလှူတော်ငွေများပေးအပ် လှူဒါန်းရာ သုဓမ္မာဝိနယာဓိက အကျိုးတော်ဆောင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

06-Feb-2026