ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တတိယအကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်ခဲ့ပြီး တတိယအကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ ရောက်ရှိရာ တိုင်းဒေသကြီးလွှတ်တော်ရုံးတာဝန်ရှိသူများက လွှတ်တော်ရုံးဖွဲ့စည်းပုံအဆင့်ဆင့်၊ လွှတ်တော် ကျင်းပသွားမည့်အစီအစဉ်များ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေရာချထားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လွှတ်တော်ပင်မအဆောက်အဦ၊ အစည်း အဝေးခန်းမ၊ ရေးရာကော်မတီခန်းများ၊ Call Room၊ ကိုယ်စားလှယ်ဧည့်ရိပ်သာတို့အား ကြည့်ရှု စစ်ဆေးပြီး လုံခြုံရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လေအေးပေးစနစ်များ၊ မီးသတ် စနစ်များ၊ Audio and Video စနစ်များ၊ e-voting စနစ်များကောင်းမွန်ရေး၊ လွှတ်တော်ဝန်း စိမ်းလန်းစိုပြေစေရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေးတို့ကို လွှတ်တော်ရုံးတာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

06-Feb-2026