ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်       ဖေဖော်ဝါရီ      ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး ဘဏ်ခွဲသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟိုင်းကြီးကျွန်းမြို့သည် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည့်မြို့ဖြစ်ပါကြောင်း၊ ဟိုင်းကြီးကျွန်းမြို့သည် ပုသိမ်မြို့ မှ (၁၀၄) မိုင်၊ ငပုတောမြို့မှ (၁၂၆)မိုင် ကွာဝေးပြီး ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာနိုင်သော်လည်း၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အငြိမ်းစားများ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ငွေကြေးဝန်ဆောင်မှု ရယူရန် အတွက် နီးစပ်ရာမြို့များသို့သွားရောက်ခဲ့ရပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲသည် ဟိုင်းကြီးကျွန်းမြို့၌ရှိသည့် ဒေသခံပြည်သူများအတွက် အခြားမြို့သို့သွားရောက်ပြီး ငွေကြေးဝန်ဆောင်မှုရယူရန်မလိုဘဲမိမိတို့ နေထိုင်ရာ မြို့တွင် ငွေကြေးဝန်ဆောင်မှု ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဘဏ်ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဘဏ်ခွဲအဆောက်အအုံလုံခြုံရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်လှစ်၍ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် ဟိုင်းကြီးကျွန်းမြို့အားအကျိုးပြုနိုင်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါစေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍  ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဘဏ်ခွဲသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

05-Feb-2026