ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး အတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ဟောပြောပို့ချဆွေးနွေးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဆွေးနွေးချက်များကို ဂရုစိုက်မှတ်သားနားထောင်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးသွားကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များနှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြသည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပမ္မဝတီခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲတွင် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများ၏ ဆွေးနွေးပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သဘော့ကုန်းကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။