တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ်(၁၅၀)ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်
ပုသိမ် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ်(၁၅၀)ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသောဧည့်ပရိသတ်များက သံဃာတော်အရှင်သူမြတ်အပါး(၁၅၀)တို့အား ထမနဲ၊ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းများ ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကိုကျင်းပရာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီးနောက် သဒ္ဓမ္မသီတဂူမဟာစည်သာသနာ့ရိပ်သာ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒာသဘ မဟာထေရ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက (၉)ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တစ်နေ့တာဆွမ်းအလှူငွေများကိုဆက်လက်လှူဒါန်းပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ဆောက်လုပ်ဆဲဆွမ်းစားဆောင်၊ ဘုရားဆင်းတုတော်များအပါအဝင် ဘုရားကျောင်းဆောင်တော်အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ပြီးနောက် သဒ္ဓမ္မသီတဂူမဟာစည်သာသနာ့ရိပ်သာ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒာသဘ မဟာထေရ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်ရှိ မြတ်စွယ်တော်တိုက်နှင့် ထေရဝါသကျောင်းဆောင်ရှိ မြချမ်းသာစေတီတော် ဌာပနာပစ္စည်းများ၊ ပုဂံ-ပင်ယ-အင်းဝ-ကုန်းဘောင်ခေတ်လက်ရာရုပ်ပွားဆင်းတုတော်များအား ကြည်ညိုလေ့လာခဲ့ကြောင်းသိရသည်။